အကျဉ်းကျ ရိုဟင်ဂျာ ၂ ဦး ထိုင်းတွင် သေဆုံး


ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့တွင် ၇ လကြာ ထိန်းသိမ်းခံနေရသူ မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၂ ဦးသည် ကျန်းမာရေး ချို့ယွင်းသော ကြောင့် ယခုလအတွင်း သေဆုံးသွားသည်ဟု သိရသည်။

တဦးမှာ ဆေးရုံတွင် သေဆုံးသွားပြီး ကျန်တဦးမှာ ထိန်းသိမ်းရေး စခန်းတွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေး ဌာန (လဝက) အရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။

“ပထမ တယောက်ကတော့ ဖမ်းမိတဲ့ အချိန်မှာ အသက်ရှူ မဝလို့ ဆေးရုံကို ပို့လိုက်တယ်၊ ပို့လိုက်ပြီးတော့ ဆေးရုံမှာပဲ သေဆုံးသွားတယ်။ နောက်တယောက်ကတော့ ဒီလ ၁၃ ရက်နေ့မှာ မနက်ပိုင်းမှာ ဆုံးတယ်။ အချုပ်ခန်းထဲမှာ ဘာဖြစ်တာလဲတော့ မသိဘူး။ သူရဲ့သူငယ်ချင်းတွေကလည်း မသိကြဘူး” ဟု အဆိုပါ အရာရှိက ပြောသည်။

သေဆုံးသွားသူများသည် ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ရနောင်းမြို့အနီး ဖမ်းဆီးခံရသူ ၇၈ ဦးပါ ရိုဟင်ဂျာ အုပ်စုမှ ဖြစ်သည်။ ၎င်းတို့သည် ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်လာမှုဖြင့် ရနောင်းမြို့တွင် ချုပ်နှောင်ခံနေရသူများ ဖြစ်သည်။ ရနောင်းမြို့ ထိန်းသိမ်းရေး စခန်းတွင် ရိုဟင်ဂျာ ၇၆ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

ရိုဟင်ဂျာများသည် မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒေသမှ အစ္စလမ် ဘာသာဝင်များ ဖြစ်သည်။ နိုင်ငံသားများ အဖြစ် သတ်မှတ်ခံရခြင်း မရှိပေ။ မြန်မာအာဏာပိုင်တို့ ထုတ်ပြန်ထားသည့် မြန်မာ နိုင်ငံရှိ တိုင်းရင်းသား လူမျိုးစု ၁၃၅ ခု စာရင်းတွင်လည်း ရိုဟင်ဂျာများ ပါဝင်ခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် ၎င်းတို့အပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက်များကြောင့် စားဝတ်နေရေး ပိုမို ကျပ်တည်းလာသည်။ ထို့ကြောင့် ရိုဟင်ဂျာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ပြင်ပသို့ အရဲစွန့် ထွက်ခွာကြခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့အပြင် ပြည်ပ နိုင်ငံများသို့ ရေလမ်းခရီးဖြင့် တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ သို့မဟုတ် မုန်တိုင်း ထန်သည့် ကပ္ပလီ ပင်လယ်ဘက်သို့ ရောက်ရှိသွားကြသည်ဟု သတင်းများအရ သိရသည်။

ထိုင်းအစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ ထိုင်းနိုင်ငံသို့ တရားမဝင် ရောက်ရှိခဲ့သည့် ရိုဟင်ဂျာ အရေအတွက်မှာ တနှစ်ထက်တနှစ် ပိုမိုများပြားလာသည်ဟု ဆိုသည်။ ၂ဝဝ၅ -၂ဝဝ၆ ခုနှစ်တွင် ၁၂၂၅ ဦးရှိပြီး ၂ဝဝ၇-၂ဝဝ၈ ခုနှစ်တွင် ၄၈၈၆ ဦးရှိသည်ဟု သိရသည်။

About unityrohingya

I am a rohingya man, who working with an NGO. I would like to help my community which was known by the world as refugees. I learned many things about Rohingya Refugees while working and I would like to bring them to the peaceful and harmonious life.

Posted on June 29, 2011, in Uncategorized. Bookmark the permalink. Leave a comment.

Leave a comment